အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ

အခွန်ကင်းလွတ်ခွင့်

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက အစိုးရသို့ ပေးဆောင်ရသော ၀င်ငွေခွန်ကို လာမည့် ဇန်န၀ါရီ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ကြေညာသည်။

“ဟုတ်ပါတယ်။ Cabinet အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ။ နယူးရီးယားဖြစ်တော့ မင်္ဂလာရှိတဲ့သတင်းကို ထုတ်ပြန်ပေးလိုက်တာ”ဟု အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက 7Day News သို့ အတည်ပြုပြောကြားသည်။ အထက်ပါဆုံးဖြတ်ချက်ကို ယနေ့ (ဒီဇင်ဘာ ၂၂ရက်) နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများ၏အစည်းအဝေး (Cabinet အစည်းအဝေး) တွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်ရသည့်ဝင်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ ပုဒ်မ ခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

ပြည်ပနိုင်ငံများတွင် သွား ရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးသန်းကျော်ရှိပြီး၊ တရားဝင်သွားရောက်လုပ်ကိုင်နေသူမှာ ခုနစ်သိန်းနီးပါးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းကပြောသည်။ သို့သော် ထိုင်းနိုင်ငံတစ်နိုင်ငံတည်း မှာပင် မြန်မာအလုပ်သမား သုံးသန်းမှ လေးသန်းအတွင်းရှိနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသော အင်န်ဂျီအိုများမှ တာဝန်ရှိသူအချို့ကပြောသည်။ ထိုင်းနိုင်ငံပြီးလျှင် မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားများ ဒုတိယအများဆုံး သွားရောက် လုပ်ကိုင်နေသောနိုင်ငံဖြစ်သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၁ သြဂုတ်လ ၁၉ ရက်တွင် ပြည်ပရောက်မြန်မာအလုပ်သမားများ ပေးဆောင်နေရသော ၀င်ငွေခွန်ကို ၁၀ ရာခိုင် နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချပေး ခဲ့သည်။ သို့သော် အဆိုပါဝင်ငွေ ခွန်လျှော့ပေါ့ပေးမှုမှာ ခြောက်လတည်းအတွက်သာဖြစ်သည်။ သို့သော်လည်း အထက်ပါဆုံးဖြတ်ချက်ကြောင့် ၂၀၁၂ ဇန်န၀ါရီ ၁ ရက်မှစ၍ ပြည်ပအလုပ်သမားများအနေဖြင့် ၀င်ငွေခွန် လုံးဝပေးဆောင်စရာမလိုတော့ကြောင်း 7Day News မှာ ဖော်ပြထားပါသည်။

By: သစ်ထူးလွင်

မှတ်ချက်- www.sindecafe.com မှတဆင့်ကူးယူဖော်ပြပါသည်။

Advertisement

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 71 other followers